ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ ကမ္ဘာ့ကျောင်းများနို့တိုက်ကျွေးရေးနေ့ (World School Milk Day) အထိမ်းအမှတ် အခမ်းအနားတွင် အဖွင့်အမှာစကားပြောကြား

နေပြည်တော် စက်တင်ဘာ ၂၉

နှစ်စဉ် စက်တင်ဘာလ၏ နောက်ဆုံးအပတ် ဗုဒ္ဓဟူးနေ့ကို ကမ္ဘာ့ကျောင်းများနို့တိုက်ကျွေးရေးနေ့ (World School Milk Day) အဖြစ် သတ်မှတ်ပြီး ကျောင်းနို့တိုက်ကျွေးရေး အစီအစဉ်ကို မြန်မာနိုင်ငံတွင် ၂၀၁၂ ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့ရာ (၂၀၁၆-၂၀၁၇) ပညာသင်နှစ်အထိ တစ်နိုင်ငံလုံးရှိကျောင်းပေါင်း (၆၆၅)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၁၂၀၁၉၃) ဦး တို့အနေဖြင့် နို့သောက်သုံးခြင်းအကျိုးကျေးဇူးကို ခံစားကြရပြီးဖြစ်သည်။

ကမ္ဘာ့ကျောင်းများနို့တိုက်ကျွေးရေးနေ့ (World School Milk Day) အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် (၉:၀၀) နာရီအချိန်က နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ် အမှတ်(၁၉) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာ အောင်သူ တက်ရောက်ပြီး အဖွင့်အမှာစကားပြောကြားရာတွင်-

အခြေခံပညာကျောင်းများ နို့တိုက်ကျွေးရေးအစီအစဉ်သည် လူတစ်ဦးတစ်ယောက်ချင်းစီကိုသာမက လူ့ဘောင်အဖွဲ့အစည်းတစ်ခုလုံးကိုပါ အကျိုးကျေးဇူးရှိစေပါကြောင်း၊ နို့တိုက်ကျွေးခြင်းသည် ကလေးငယ်များ၏ ကျန်းမာရေးနှင့် ပညာသင်ကြားမှုစွမ်းရည်များကို တိုးတက်စေရန် အထောက်အကူပြုသည့်အပြင် ပုံမှန်နို့သောက်သုံးခြင်းဖြင့် ကျန်းမာရေးဆိုင်ရာ အာဟာရအလေ့အကျင့်များ တိုးမြှင့်စေပြီး ကျန်းမာသော မြန်မာကလေးများ ဖြစ်စေရေးအတွက် အာဟာရနို့တိုက်ကျွေးရေးအစီအစဉ်များကို စဉ်ဆက်မပြတ်လုပ်ဆောင်သွားကြရန် လိုအပ်ပါကြောင်း၊

နွားနို့၏ အာဟာရတန်ဖိုးအား ကောင်းစွာသိရှိကြခြင်းဖြင့် နို့စားသုံးမှု စျေးကွက်ဖွံ့ဖြိုးလာပြီး ထုတ်လုပ်သူများအတွက် တည်တံ့သော မြန်မာ့နို့စားနွားမွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်သည့် မြန်မာ့နို့တစ်ခွက်တိုက်ကျွေးနိုင်ရေးနှင့် ပြည်တွင်းနို့စားနွားမွေးမြူထုတ်လုပ်မှု ဖွံ့ဖြိုးရေးအတွက် အစိုးရ၊ ပြည်သူနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ကျောင်းသား/ကျောင်းသူများက လက်တွဲဆောင်ရွက်ကြပါရန်ပြောကြားသည်။

ကမ္ဘာ့ကျောင်းများနို့တိုက်ကျွေးရေးနေ့ အထိမ်းအမှတ် အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ နေပြည်တော်ကောင်စီဝန်စိုက်ပျိုးရေးနှင့်မွေးမြူရေးတာဝန်ခံ ဦးအေးမောင်စိန်၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာခင်ဇော်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အမှတ်(၁၉) အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ မိဘများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြပါသည်။

အစီအစဉ်အရ ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများ၊ ကမ္ဘာ့ကျောင်းများနို့တိုက်ကျွေးရေးနေ့ အထိမ်း အမှတ် ပန်းချီနှင့် စာစီစာကုံးပြိုင်ပွဲဆုရ ကျောင်းသား၊ကျောင်းသူများအား ဆုများချီးမြှင့်ပြီး အလှူရှင် များအား ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပေးအပ်သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများ၊ အလှူရှင်များက ကျောင်းသား/ကျောင်းသူများ (၁၉၂၇)ဦးတို့အား နို့အာဟာရများ တိုက်ကျွေးကြသည်။

Videos










On Facebook

Find us on >